Technology

Home » » အလွမ်းမြေမှ မရဏပန်း ~Ep 1

အလွမ်းမြေမှ မရဏပန်း ~Ep 1

Written By Unknown on Thursday, August 18, 2016 | 9:39:00 AM

❤ အလွမ်းမြေမှ မရဏပန်း ❤ Ep - 1

( ဖြစ်ရပ်မှန် သရဲဝတ္ထုတို ○ ကြောက်တတ်သူများ မဖတ်ရ )

[ အမည်နှင့် အချို့သောအကြောင်းအရာ များအား အခြေအနေအကြောင်းကြောင်းကြောငိ့ ပြင်ဆင်ပြောင်းလဲထားပါသည် ။]

" မောင် .. ယု မှာ ကိုယ်ဝန်ရှိနေပြီ "

" ဟင် "

ယုအသံသည် နွေဦးတွင် တိုက်ခတ်သောလေပြေညှင်းကဲ့ သို့သာယာလှသော်လည်း မောင့်နားထဲတွင် မိုးချုန်းသံတစ်ခုလို စက်စုပ်စရာကောင်းသွားသည် ။ ကိုယ့်နားကိုယ်ပင် မယုံကြည်နိုင်သောကြောင့် ယုမျက်နှာကိုသာ အကြိမ်ကြိမ် ဝေဝေစွာကြည့်နေမိသည် ။ သို့သော် ယု မျက်နှာက တည်ငြိမ်လွန်းသည် .. ယုညာပြောနေတာ မဖြစ်နိုင် ။ ကြောက်ရွံ့ခြင်း ၊ တုန်လှုပ်ခြင်း .. သူ့အပေါ်ကို အားကို လိုခြင်းများကို ယုမျက်နှာပေါ်တွင် အထင်းသား မြင်နေရသည် ။

" သေချာလို့လား ယုရယ် .. "

သူ့အသံက ခြောက်ကပ်ကပ်ရယ် ။ အင်အားတွေပျောက်ဆုံးကုန်ပြီ .. ခွန်အားတွေလွင့်စင်ကုန်ပြီ ။ နောင်တ ဆိုတာထက် စိုးရိန်မှုတွေကသာ ကြီးစိုးနေသည် ။

" သေချာတယ်မောင် .. မသေချာပဲ ယုက အရှက်ကွဲခံပြီးပြောပါ့မလား ၊ မကြာခင် လူတွေသိတော့မယ် .. ယုတို့အရှက်တကွဲ အကျိုးနဲဖြစ်လိမ့်မယ် .. ယုတို့လက်ထပ်ရအောင် မောင် .. ဒါအကောင်းဆုံးနည်းပဲ "

ယုသည် အလောတကြီးမောင့်ကိုပြောနေသော်လည်း မောင့်မျက်နှာတွင်ပျော်ရွှင်ခြင်း ၊ ဝမ်းသာခြင်း တို့အလျင်းမရှိ။

" မောင့်ကို လက်ထပ်ချင်လို့ ညာပြောနေတာလားယု ၊ ခုမောင်တို့က ကျောင်းသားပဲ ရှိသေးတာ ၊ ဒီချိန်လက်ထပ်ရင် မောင်တို့ဘဝတွေ ဘာဖြစ်မလဲ .. အရမ်းစောလွန်းတယ်ယု .. မောင့်ကိုညာနေတာမလား "

ယုက အထင်သေးသောအကြည့်မျိုးဖြင့် မောင့်ကို ကြည့်သည် ..။

မောင်ကြောက်နေတာ .. သတ္တိကြောင်နေတာ .. ခေါင်းရှောင်ချင်နေတာ ...။

" မောင် . ယုကိုအဲလောက်မစော်ကားနဲ့ ၊ ယုက မောင့်ကို ချောက်ဆင်ပြီး ဖမ်းတယ် ထင်နေတာလား ? ယုက မိန်းမသားပါမောင် .. မောင်က ခုကျမှ ဘာတွေကို တွေဝေနေတာလဲ .. မောင်တာဝန်ယူရမယ် .. မောင်ယောက်ျားမဟုတ်ဘူးလား "

လေပြေလေညှင်းများတသွဲ့သွဲ့ တိုက်နေသော ပန်းခြံထဲမှ ခုံတန်းလျားလေးသည် အစတွင် တိတ်ဆိတ်သလောက် ယခုမူ စစ်ပွဲ တစ်ပွဲဆီသို့ ဦးတည်နေသည် ။ ဒေါသမုန်တိုင်းတို့ ထန်နေလေပြီ ..။

" ယု .. မင်း မောင့်ကို သိပ်ကြပ်လွန်းနေပြီ .. ဒီကိုယ်ဝန်က မောင်နဲ့ ရခဲ့တာဆိုတာ ဘယ်လို သက်သေပြ .."

ထိုင်နေရာမှ ရုတ်တရက် ထရပ်လိုက်သော ယုကြောင့် သူ့စကားများ တိခနဲ ရပ်သွား၏။

" ယု သိပြီမောင် .. မောင်အခုမှထွက်ပြေးချင်နေတာ ၊ မီးဆိုတာ ပူလောင်မှန်းသိရက်နဲ့ မောင်ကိုင်ခဲ့တယ် .. ခုမှလွှတ်ချချင်နေပြီလား .. မရတော့ဘူးမောင် .. အဲဒိမီးက ယုတို့ နှစ်ယောက်လုံးကို လောင်ကျွမ်းနေစေပြီ ..။ အစကတည်းကသာ မောင် ပူမှာကြောက်ရင် မီးကို မကိုင်သင့်ခဲ့ဘူး ။ ခုတော့ .. မောင် က ယုကို မိန်းမပျက်တစ်ယောက်လို ထားခဲ့တော့မလို့လား "

သူလည်း ယုနှင့်အတူ ထရပ်လိုက်သည် ..။ ယုလက်လေးများသည် နာကျဉ်းစိတ်ကြောင့် ပြာလွင်လွင် ထဘီစကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည် ။

" မီး .. မီး .. ဒီမီးကို ငါတစ်ယောက်တည်း ကိုင်ခဲ့တာလား .. ငါတစ်ယောက်တည်းပျိုးခဲ့တာလား ? လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာပါ .. တကယ်ဆိုရင် မင်းလည်း ကိုယ့်ကိုယ်ကို ထိမ်းသိမ်းသင့်တယ် .. ငါက မီးကို စတင်မွှေးခဲ့တယ်ထား .. ကိုယ့်ပါသာကိုယ် လောင်ကျွမ်းခံပြီး မီးပုံတိုးခဲ့တဲ့ ပိုးဖလံက မင်းပဲ .. မင်းလည်း မင်းဆန္ဒနဲ့ မင်းဆုံးဖြတ်ပြီး နောက်ဆုံးကျမှ ငါ့ခေါင်းပေါ်ပုံချတာ တရားလွန်တယ်  "

မောင့်စကားတွေ ရင့်သီးနေပြီ ။ မောင့်လေသံတွေ ပြောင်းသွားပြီ ။ ယုရဲ့ ဖူးသစ်စ သိက္ခာတရားတွေ မောင့်လက်အောက်မှာ ရစရာမရှိအောင် ကျေမွသွားပြီလား ? ယုက မောင့်ခေါင်းပေါ် တာဝန်တွေပုံချနေတာလား ? အပြစ်တွေ ထုဆစ်ပေးနေတာာတဲ့လား ? ရက်စက်လိုက်တာမောင်ရယ် ... ။

" မောင့်ခေါင်းပေါ်ပုံချတယ် .. ဟုတ်လား ? အတူရင်ဆိုင်ဖို့ပြောနေတာ .. ယုမောင့်ကို ယုံခဲ့တာ ၊ ယုဟာ မောင့်လက်ထဲမှာကျေမွသွားတဲ့ ပန်းတစ်ပွင်ဆိုရင်တောင် မောင်က နမ်းရှိုက်ဦးမယ်ထင်လို့ မောင့်လက်ထဲမှာ အချိုးအချေခံခဲ့တာ ၊ ယုမှားတယ်မောင် .. မောင့်ကိုယုံမိတာ ၊ မောင့်ဆီက သစ္စာတရားကို  မျှော်လင့်မိတာ .. ယုရူးခဲ့တာ .. "

ယုအသံတွေကလည်း တစ်စထက်တစ်စကျယ်လာသည် ။ အက်ကွဲသံတို့ဖြင့်ပြည့်နှက်လာသည် ။ မောင့်ကို  ထွက်ပြေးလို့မရအောင် ချည်နှောင်လို့ရမယ့် ကြိုးတစ်ချောင်းထင်လို့ ယု လက်ခံခဲ့တာ .. ခုတော့ ယုအတွက် ကြိုးကွင်းတစ်ခုပဲ ဖြစ်လာတယ် ။

" ဒါဆို ဖြတ်ကြလိုက်ရအောင် "

" ဟင် ! "

ယုနားထဲ ကြားလိုက်ရတာ မှန်မှမှန်လေစွ ! တစ်ချိန်မှာ ဖအေ တစ်ယောက်ဖြစ်လာမယ့်မောင် ၊ လူကြီးလူကောင်းတစ်ယောက်ဖြစ်လာမယ့်မောင် .. ခုတော့ လူတစ်ယောက်ကို လွယ်လွယ်သတ်ခိုင်းနေပြီ ..။

ရက်စက်လှချည်လားမောင်ရယ် .. ယောက်ျားတွေကို အထင်မသေးရဲအောင် ပညာများပြနေရော့လား ?

" ဒါလူတစ်ယောက်အသက်နော် .. ဘာမှအပြစ်မရှိသေးတဲ့ အဖြူစင်ဆုံးလူတစ်ယောက် .. နောက်ပြီး ဒါယုတို့မှားတာလေ .. မောင်ရက်စက်လှချည်လား .. လူကောဟုတ်သေးလား ? လူစိတ်မှရှိသေးရဲ့လား .. "

မောင့်ရဲ့ ကော်လာအဖြူကို ဆွဲကိုင်ရင်းမေးမိသည် ။ မောင်ကတော့ အဝေးကိုငေးကြည့်နေ၏။ ယုမျက်နှာမှာ မျက်ရည်တွေ ပင်လယ်ဝေပြီး အရူးတပိုင်းဖြစ်နေပေမယ့် မောင့်မျက်နှာကတော့ ကျောက်ရုပ်တရုပ်လို .. ဘာခံစားချက်မှ မရှိဘူးလားမောင်ရယ် ။ အသည်းနှလုံးမှ ရှိသေးရဲ့လား ?

" ဟင့်အင်မောင် .. ဖျက်မချနိုင်ဘူး ။ ပြီးတော့ တာဝန်မဲ့တဲ့ မောင့်ကိုလည်း ခွင့်မလွှတ်ဘူး .. လူကြီးတွေကို ပြောမယ် .. ပြီးရင်မောင့်ကို တရားစွဲမယ် .."

ပြောရင်း ချာခနဲလှည့်ထွက်သွားသော ယုကို သူငေးကြည့်နေမိသည်။ ယု ဘာကြောင့် ဒီလောက်မာကြောရတာလဲ .. သတ္တိတွေရှိလာရ တာလဲ ? တစ်ချိန်ခဲ့သော ယုန်ငယ်လေး ယုယခင်ခင် သည် ယခုမူ ခြင်္သေ့မ တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ကို စက္ကန့်ပိုင်းမျှ မင်သက်စွာ ငေးကြည့်နေမိသည် ။

ထို့နောက် ယု ရဲ့လက်တစ်ဖက်ကိုဆတ်ခနဲ ဆွဲလိုက်သဖြင့် ယုက သူ့ရင်ခွင်ထဲသို့ နောက်ပြန်လေးပါလာသည် ။

" မသွားရဘူး ယု .. ဒီလိုလုပ်လို့မရဘူး .. တို့နှစ်ယောက်လုံး သိက္ခာကျခံမလို့လား "

ယုသည် သူ့ရင်ခွင်ထဲမှ အားကုန်ရုန်းထွက်ပြီးနောက် သူ့ပါးကို ဖြန်းခနဲမြည်အောင်ရိုက်လိုက်သည် ။ သူ့မျက်နှာလေး တစ်ဖက်ကိုစောင်းသွားသော အခါ ယုနှလုံးသားလေးလည်း တစ်ခြမ်းအောင့်သွားရသည် ..။

" သိက္ခာ .. နင်လို ယောက်ျားမျိုးမှာ သိက္ခာဆိုတာ ရှိလို့လား .. မိန်းမတစ်ယောက်ကို အပျိုရည် ပျက်အောင်လုပ်ပြီး တာဝန်မယူရဲတဲ့ ယောကျာ်း .. အဖေကောင်းတစ်ယောက် ဟင့်အင် အဖေဖြစ်ဖို့တောင် သတ္တိမရှိတဲ့ယောက်ျားတစ်ယောက်ရဲ့ သိက္ခာတွေ ပြပါဦး .. တကယ်ဆိုရင် နင်ငါ့ကို မချစ်သင့်ဘူး .. နင်ချစ်သင့်တာက .. ... .. "

ထိုစကားလုံးကို ယုနှုတ်ခမ်းများကပြောမထွက် ။ လည်ချောင်းထဲတွင် တစ်စို့နေသည် ။ မောင့်ကို ထိုမျှယုမပြောဖူး ။ မောင့်ကို အော်၍ ငေါက်၍ မပြောဖူးချေ ။ သို့သော်လည်း ဒီနေ့တွင် မောင့်ကို စိတ်နာသည် .. ဟိုး နှလုံးသားရဲ့ နက်နက်ရှိုင်းရှိုင်းတစ်နေရာကပါ ခံပြင်းသည် ။ ဒါပေမယ့် မောင့်ကိုပြောရတဲ့ စကားလုံးတိုင်းအတွက် ယုလည်း ထပ်တူထပ်မျှ နာကျင်ခံစားရသည် ။

" ယု .. ငါတောင်းပန်ပါတယ် ..၊ ဟုတ်တယ် .  ငါက တာဝန်မယူရဲတဲ့ယောက်ျား ၊ သစ္စာမရှိတဲ့ ယောက်ျား .. နင်ပြောချင်သလိုပြော ငါခံပါ့မယ် ..၊ ဒါပေမယ့် ယု  .. ဒီအချိန်မှာ အဆင်သင့်မဖြစ်သေးလို့ပါကွာ .. ဒီအချိန်မှာ ကလေးတစ်ယောက် .. မိန်းမတစ်ယောက်အတွက် ဘာမှမပြင်ဆင်ရသေးဘူး .. ဒီကလေးကို ဖျက်ချလိုက်ရအောင် .. တို့အရွယ်ရှိသေးတာပဲ .. နောက်ထပ်ယူ ... .. "

" ဖြန်း :::: "

ယုရင်ထဲတွင် ဘယ်လိုမှ မခံစားနိုင်တော့ ..။ ဘယ်လိုမှ မမြိုသိပ်နိုင်တော့ .. မောင့်ရဲ့ ပါးကို အထိမ်းအကွပ်မဲ့စွာ ထပ်ရိုက်လိုက်မိသည် ။ မောင်သည် ရက်စက်သည်ထက် ပို၍ ယုတ်မာသည် ဟုပြောရမည် ။ ယောက်ျားမပီသခြင်းထက် ကောက်ကျစ်စဉ်းလဲ လေတတ်သလော ။

မောင် ... မောင် .. ယုကအဆိပ်ပင်ကိုမှ ရေလောင်းမိခဲ့တာပါမောင် ... ...

" ယု .. .. "

" ဖြန်း .. .. "

မောင့်အသံကို ကြားသည်နှင့်ပင် ယုစိတ်တွေ ဆိုးရွားကုန်ပြီ ထင်သည် ။ တစ်ချိန်က မောင့်အပေါ်ညှင်သာခဲ့လေသမျှ ခုတော့ ကြမ်းတမ်းချင်ပြီ ..။ မောင့် ကိုယု ဘယ်လိုမှ နားမလည်နိုင်တော့ပေ။

" ယု .. မင်းရိုက်ချင်ရိုက်ကွာ .. ငါခံမယ် .. ငါတကယ်လက်ထပ်ယူမှာပါ .. ကျောင်းပြီးတဲ့ထိ .. ကျောင်းပြီးတဲ့ ထိပဲစောင့်ပေးပါ .. ခု ဒီကလေးကိုတော့ .. .. "

ညာနေတာ .. .. ညာနေတာ ။ ယုရဲ့ မသိစိတ်ကရော အသိစိတ်ကပါ မောင့်စကားတွေကို မယုံကြည်နိုင်တော့ပါ ။

" မယုံကြည်နိုင်ဘူး .. အဆိပ်ကို နှစ်ခါ စားမယ့်လူထဲမှာ ငါ မပါဘူး ၊ နင်ကအပြောကောင်းတယ် .. အကွက်ရွေ့တာတော်တယ် .. ယုအမှန်တိုင်းဝန်ခံရရင် နင့်ရင်ခွင်ထဲမှာ ယုသာယာခဲ့တယ် .. ဒါပေမယ့် နင်က အခွင့်အရေးသမားပဲ .. .. "

နားထဲတွင် ပဲ့တင်ရိုက်သည့်ပမာ ထိုစကားကိုသာ ကြားနေမိသည် ။ စကားတစ်ခွန်းသည် လက်နက်ဗလ ခွန်အားမဲ့လှသော်လည်း သူ့ကို ထူပူသွားစေသည် ..။ အခွင့်အရေးသမား .. သူတကယ်ပဲ အခွင့်အရေးသမားလား .. တစ်နည်းအားဖြင့် ကြာကူလီတဲ့လား ... .. ။ နှလုံးသားထဲတွင် နစ်ဝင်သွားသော ခပ်တုံးတုံး ဓားတစ်လက်နှင့် တူတဲ့ ယုရဲ့စကားတွေကို မောင်နာကျည်းသည် .. မောင် ခံပြင်းသည် ။

" သွား .. မင်းထွက်သွား .. မင်းလုပ်ချင်ရာသာ လုပ်လိုက်တော့ "

" နောက်ဆုံးတော့ သရုပ်ပေါ်တာပဲ ဖြိုးဝေလွင် .. နင်က မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးပဲ .. ငါအားလုံးရှေ့မှာပြောပြီး တရားရုံးကနေ နင့်ကိုစွဲချက်တင်မယ် .. ငါ့ကို ဖျက်စီးခဲ့တဲ့ နင့်နှလုံးသားထဲကို မုဒိန်းကောင် ဆိုတဲ့ စကားလုံးလေး ထည့်ပေးလိုက်မယ် "

မောင့်ရှေ့ကနေ ယုချာခနဲ လှည့်ထွက်သွားသည် ။ သူ့နှုတ်ခမ်းတွေ တုန်နေသည် .. အသားတွေ တဆတ်ဆတ်တုန်နေသော်လည်း အကြောပြိုင်းပြိုင်းထနေသည့် လက်ကမူ လက်သီးဆုပ်ထားခြင်းအလျင်းမရှိ။  ထို့နောက် ... ..

" အာ .. အား ... "

" အား .. "

ခပိဩဩဖြင့် အားမာန်ပါလှသော ယောက်ျားတစ်ယောက်၏ အော်သံအဆုံးတွင် အားပျော့သော မိန်းမတစ်ယောက်၏ အကူညီမဲ့ အော်သံတစ်ခုကပါ ကပ်ပါလာသည် ။

စင်စစ် .. သူမှားသွားပြီ ။ ယုရဲ့ခေါင်းကို သူအနီးရှိ ကျောက်တုံး တစ်တုံးဖြင့် ထုလိုက်မိပြီ .. အရာရာဟာလွန်သွားပြီ ။ မှန်ျသ်ာလည်း မှန်ရာကို ခံပြင်းသောကြောင့် မှန်မှားမှားလေပြီ .. အပြစ်ရှိသော်လည်း အပြစ်ကို ဖုံးကွယ်လိုသောကြောင့် အင်အားသုံးကာ အမှားတွေ လုပ်မိပြီ ။

" ယု .. ယု .. "

သွေးများဖြင့် နီရဲနေသော ယုရဲ့ခေါင်းကို ပွေ့မရင်း ခေါ်နေမိသည် ။ သို့သော်လည်း ယုက မကြားပြီ ။ယုမရှိတော့ပြီ ။

အချစ်ကို အမှားတွေနှင့် လဲလိုက်ရပြီ .. အချစ်တွေကို ဆုံးရှုံးလိုက်ရရုံတင်မက အပြစ်တွေကိုပါ လက်ဝယ်ပိုက်ရပြီ .. ။

ငါလူသတ်မိပြီ .. လူသတ်မိသွားပြီ .. ငါထောင်ကျမှာပေါ့ .. ဟင့်အင် .. ငါထောင်မကျရဘူး .. ..

တွေဝေသောစိတ်တို့ဖြင့် အမှားပေါ်အမှားဆင့်မိတော့သည် ..။ ယု ရဲ့ အလောင်းလေးကို ထိုပန်းခြံရဲ့ တစ်နေရာမှာပဲ လူမသိသူမသိ မြှပ်ခဲ့သည် ။ တစ်ချိန်ချိန်ပေါ်လာခဲ့သော် .. အို .. ဘယ်သူသိမှာလဲ ... ... ..။

အချိန်ကား ညနေ မှောင်ရီပျိုးစ ။ လူသူပြတ်စ ။ ရုတ်တရက် ဆွဲဆွဲငင်ငင် အူသောခွေးတွေရယ် .. သစ်ရွက်ခြောက်တွေကြွေနေတဲ့ သစ်ပင်ကြီးရယ် .. ပြီးတော့ သူရယ် .. ညနေခင်းသည် အလွန်ပင်တိတ်ဆိတ်နေလျက်ရှိ၏ ။ ။

[ ဖြေးဖြေးပဲ ဆက်ခွင့်ပြုပါခင်ဗျာ ..။ ဆက်ပါဦးမည် ]

ခံစားတတ်သောနှလုံးသားဖြင့် ... .. .

လွန်မင်းအံ့

(www.facebook.com/LwonMinAentOfficial )

《 FB မှာ Lwon Min Aent ဆိုတဲ့ Page လေးကို Like ထားပေးပါနော် ! @LwonMinAentOfficial ဆိုပြီးရှာရပါတယ် 》


0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers