Technology

Home » , » ဘကြီးအောင်ညာတယ် ♥ ♥ ♥ လွန်မင်းအံ့

ဘကြီးအောင်ညာတယ် ♥ ♥ ♥ လွန်မင်းအံ့

Written By Unknown on Saturday, April 5, 2014 | 10:18:00 PM



(က)

ကမ်းခြေမှ သာယာသော လှိုင်းနုနုလေးတွေက သူမခြေထောက်ကို ညှင်သာစွာ ရိုက်ခတ်လာသည်။ ထိုလှိုင်းလေးတွေက နုကို နက်ရှိုင်းသော ပင်လယ်ကြီး၏ အောက်ခြေတစ်နေရာသို့ ခေါ်ငင်နေသလိုလို။  နုလိုက်သွားလိုက်ချင်သည်။ ရုတ်ရက် မောင့်မျက်နှာ မျက်ဝန်းထဲမှာ ထင်းခနဲပေါ်လာတာကြောင့် ရေထဲကို အပြေးတစ်ပိုင်းဆင်းသွား လိုကသည်။ သူမဒူးထိ ရေတွေထိနေဆဲ။ သူမ အကြည့်ထဲတွင် ပတ်ဝန်းကျင်ဆိုသည့်အရာကြီးက မကြည့်ဘဲ ပေါ်လာသည်။ ထို့ပြင် လူတွေပြောနေကြသည့် ဘ၀ ။ ထိုဘ၀ဆိုသည့်စကားလုံးကြောင့် သူမအကြောက်အလန့်ကင်းစွာ ရေထဲကို ခါးလည်လောက်ထိဆင်းလိုက်မိသည်။ သူမ အားမေလျော့။ ကျန်ရှိနေသောခရီးကို ဆက်လိုက်သည်။ သူမ မေးစေ့နှင့် ပင်လယ်ရေပြင်သည်ဘောင်ဘင် ခတ်လျက်ရှိသည်။ သူမ မျက်ရည်များကလည်း မြေမခဘဲ ရေထဲသို့ ကျွေကျခဲ့လေပြီ။ သူမ အတန်ကြာငြိမ်နေမိသည်။ ထို့နောက် ကျန်ရှိနေသော သူမ၏နောက်ဆုံးခြေလှမ်းကိုစတင်လိုက်သည်။ ..

                           ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥

(ခ)

“မောင် နုကိုဘယ်လောက်ထိချစ်လဲ ”

“ဟောဒိပင်လယ်ကြီးလောက်ချစ်တယ် ”

မောင်သည် နု၏ နွဲ့ ဆိုး ဆိုးသည့် မေးခွန်းလေးကို ပင်လယ်ကြီးကို လက်ညှိုးထိုးရင်းပြောလိုကသည်။ နုကတော့မောင့်ရင်ခွင်ကျယ်ကြီးထဲတွင် ခေါင်းကိုအပ်လို့နေရာယူပြီး ...

“ပင်လယ်ကြီးဆိုတော့လူတစ်ကာယူသုံးလို့ရမှာပေါ့ ”

ဟုထပ်ဆင့် နွဲ့ ဆိုးဆိုးလေသည်။ မောင်သည် နုခေါင်းလေးကို အသာပုတ်ခတ် ပွတ်သတ်ရင်း ....

“ဟင့်အင် ... မောင့်အချစ်က လူတစ်ကာအတွက်မဟုတ်ဘူး ... နုအတွက်ပဲ နုတစ်ဦးတည်းအတွက်မူပိုင် ”

ဒီစကားလေးကြားတော့နုပျော်ပါသည်။ ထို့နောက် နုနှင့်မောင် ဟိုတယ်သို့ပြန်လာခဲ့ကြသည်။ ဟိုတယ်ရောက်တော့ နုနှင့် မောင် အိစက်စက်ခုတင်စွန်းတွင် ဘေးချင်းကပ်ယှဉ်ထိုင်လိုက်ကြသည်။ မောင်သည်နုပုခုံးလေးကို အသာလာဖတ်သည်။မောင့်လက်လေးတွေက နုအိနေသည်ကို နုခံစားရသည်။ ဟုတ်သည်ပဲလေ။ မောင်တို့က အလှသမားတွေ။ အနုအညွန့်စား သူဌေးသားတွေ။ မောင်တို့လို လူမျိုးတွေကအလုပ်ဆို ဘာဆိုဘာမှလုပ်ဖူးတာမဟုတ်သည့်အတွက် လက်လေးတွေက နုထက်ပင် အဆပေါင်းမက ယောကျာ်းလေးမတန်စွာ နုရွလွန်းလှသည်။

“မောင် ... ”

နုသည် ညှင်သာသောလေသံလေးနှင့် အားပျော့စွာ မောင့်ကိုခပ်ညှင်းညှင်းလေးခေါ်ပါသည်။ မောင်ကလည်း နုကိုဖတ်ထားသည့်လက်များကို မလွှတ်ဘဲ “ဟင် ” ဟုသာ ညှင်သာစွာထူးသည်။

“ဒီချိန်ဆို နုတို့ အိမ်တွေကလိုက်ရှာနေလောက်ပြီပေါ့နော် ”

နုကပြောတော့ မောင်ကခပ်သဲ့သဲ့လေးပြုံးပါသည်။ မောင့်အပြုံးလေးအောက်မှာပေါ်လာတဲ့ ပါးချိုင့်လေးကတော့ မောင့် ဆီမှာ ရှိတဲ့ညှို့ဓာတ်တစ်ခုထင်သည်။

“ရှာနေမှာပေါ့နုရဲ့ .. မရှာပဲနေပါ့မလား မောင့်အဖေဒီချိန်ဆိုခေါင်းမီးတောက်နေလောက်ပြီ ၊ ဒါပေမယ့် ဒီနည်းလမ်းကလွဲရင်မောင်တို့မှာ နည်းလမ်းမရှိဘူးလေ၊ ဘာလဲ နုက မောင်နဲ့မနေချင်လို့လား ”

မောင်က နွဲ့ဆိုး ၊ ကလေးဆိုးလေးပြောတော့ နုကမဟုတ်ကြောင်းညင်းရပါသည်။ ဒါပေမယ့် အိမ်ကလူတွေ လိုက်ရှာကြ မည်။ ထို့ပြင်စိတ်ပူကြမည်။

“နု .... မောင့်ကိုယုံတယ်မလား ”

မောင့်အမေးကိုတော့နု ခေါင်းလေးညိမ့်လို့သာဖြေလိုက်သည်။

“ယုံတာပေါ့ ... ”

“နောက်ကျရင် မောင်တို့လက်ထပ်ကြမယ် ... ပြီးရင်ကလေးတွေအများကြီးမွေးကြမယ် ... သားသားတွေမီးမီးတွေနဲ့ မောင်တို့ နှစ်တွေအများကြီးပျော်ပျော်နေကြမယ် ”

မောင်သည်နုလက်ဖုဝါးလေးတွေကိုကိုင်ရင်း နုညံ့သည့်စကားတွေကိုပြောနေသည်။ ထို့နောက် မောင်ေ၇ာ နုပါ အိစက်ညက်ညော သည့် ခုတင်ပျော့ပျော့ကြီးပေါ်တွင် နှစ်ယောက်လုံးပစ်လှဲလိုက်ကြသည်။ မောင့်လက်မောင်းကတော့ နုခေါင်းအောက်
မှာထားလို့နုခေါင်းအုံးထာသည်။ ညရဲ့ မာယာထဲမှာ နုတစ်ရောက်တော့ နစ်မွန်းခဲ့ပြီထင်သည်။ ဒါပေမယ့် ဒါဟာလည်း နုကိုယ်တိုင်ခုန်းဆင်းခဲ့သည် နွံတစ်ခုသာဖြစ်သည်။

                                            ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥

(၃)

အချိန်သည် သိပ်မကြာလိုက်ပါ။ လပိုင်းလောက်အတွင်းမှာ ပင် မောင်နိုင်ငံခြားထွက်သွားသည် ဆိုသည့်သတင်းကိုကြားလိုက်ရသည်။ မောင်ဘယ်နိုင်ငံကိုထွက်သွားတယ်ဆိုတာကို နုသေချာမသိလိုက်။ နု
သိတာကတော့ မောင်နှင့်နု နိုင်ငံခြားသွားပြီဆိုတာသာဖြစ်သည်။ ဒါပေမယ့် နုမတုန်လှုပ်ပါ။ မောင့်ကို နုယုံသည်။ မောင်ပြန်လာမည်ဆိုတာကို နုသေချာစွာ ခက်ခံထားသည်။ မောင့်ဖေဖေကနုကိုတွေ့ချင်သည်ဆိုတာကြောင့် နုမောင်တို့ အိမ်ကိုလာသည်။ မောင့်အိမ်က အကြီးကြီးပဲ။ ရဲတိုက်ကြီးတစ်ခုပမာ ဖြစ်နေတာကြောင့် အိမ်စေမလေးလမ်းပြရာနောက်ကို နုမ၀ံ့ရဲစွာလိုက်သွားသည်။

မောင့်ဖေဖေက ဧည့်ခန်းထဲတွင် အသင့်ဆောင့်နေသည်။ နုလာတော့ အိမ်စေမလေးက လက်ဖက်ရည်ခွက် တစ်ခွက်လာချပေးသည်။

“သမီးနာမည်က ...”

မောင့်ဖေဖေကမေးသည်။ မောင့်မေမေကတော့မောင်ငယ်ငယ်လေးကတည်း ဆုံးသွားပြိဆိုတာကို မောင်ပြောပြသဖြင့် သိပါသည်။

“နုခင်ခင်ပါရှင် ...”

“အင်း .... သားနဲ့ ချစ်သူတွေဖြစ်တာကြာပြီလား ”

“ဟုတ်ကဲ့ ... တစ်နှစ်လောက်ရှိပါပြီ ”

မောင့်ဖေဖေက ခေါင်းကို တဆတ်ဆတ်ညိမ့်ရင်း ...

“မရှိခဲ့ဘူးလို့သဘောထားနိုင်မလား ”


 ထိုစကားကိုတော့ နုကြိုတင်မမျှော်လင့်ခဲ့တာကြောင့် နုချက်ချင်းနားမလည်ခဲ့ပါ။

“သားနဲ့ဘာမှမဖြစ်ခဲ့ဘူးလို့ပဲသတ်မှတ်လိုက်ပါ ... မင်းဘယ်လောက်လိုချင်လဲ ”

မောင့်ဖေဖေဆီက ဒီလို ယောကျာ်းတန်မဲ့ ပြောလာလိမ့်မည်ဟု နုတကယ်မထင်ခဲ့။ နုငြင်းရလိမ့်မည်။

“မဖြစ်နိုင်ဘူး ...”

“မင်းဘာလို့ခေါင်းမာနေရတာလဲ ”

“သမီးမှ ဦးသားနဲ့ရတဲ့ကိုယ်ဝန်ရှိနေတယ် ”

နှစ်ယောက်လုံး ထိုစကားဆုံးသည်နှင့် တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် မောင့်ဖေဖေ့အသံသည် ထိုတိတ်ဆိတ်မှုကိုဖြိုခွင်းကာ

“ဒါလည်း မရှိခဲ့ဘူးလို့ပဲသတ်မှတ်လိုက် ”

“ဦးလေးဘယ်လိုပြောလိုက်တာလဲ ... ဦးလေးလူစိတ်မှရှိသေးရဲ့လား ”

“ဒီလိုမျိုးပြသနာတွေရင်ဆိုင်ခဲ့ရပေါင်းမနည်းတော့ဘူး ၊ သူ့မှာ စေု့စပ်ထားတဲ့လူရှိတယ်ဆိုတာကို မသိတာလား ၊ ဟိုဘက်က သာ ဒီသတင်းကို ကြားသွားရင်ဘယ်လိုလုပ်မလဲ နောက်ပြီး မင်းအမေဆေးရုံတက်နေတယ်လို့ကြားတယ်၊ မင်းတို့လည်း တစ်နေ့လုပ်တစ်နေ့စားတွေဆိုတော့ အဆင်မပြေဘူးကြားတယ်၊ ဒီစရိတ်တွေငါအကုန်ပေးမယ် ”

“သြော် ဦးတို့က ငွေနဲ့ပဲဖြေရှင်းတတ်တားလား ၊ ဒါဆို ကျမအတွက်ကရော၊ ဦးသားက ကျမကို ခိုးပြေးသွားခဲ့တာလေ ”

“အဲဒိအတွက်မင်းကိုပြောနေတာပေါ့။ အဖေမရှိဘဲကလေးကိုမွေးချင်လို့လား၊ သူရက ဘယ်တာ့မှပြန်လာမှ မဟုတ်တော့ဘူး။ မင်းမျှော်နေလည်းအပိုပဲ ”

သူမဆက်မကြားချင်တော့ ။ ထိုနေရာကိုကျောပေးကာ ပြေးထွက်လာခဲ့သည်။

                             ♥  ♥  ♥   ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥

(ဃ)

ကမ်းခြေမှ သာယာသော လှိုင်းနုနုလေးတွေက သူမခြေထောက်ကို ညှင်သာစွာ ရိုက်ခတ်လာသည်။ ထိုလှိုင်းလေးတွေက နုကို နက်ရှိုင်းသော ပင်လယ်ကြီး၏ အောက်ခြေတစ်နေရာသို့ ခေါ်ငင်နေသလိုလို။  နုလိုက်သွားလိုက်ချင်သည်။ ရုတ်ရက် မောင့်မျက်နှာ မျက်ဝန်းထဲမှာ ထင်းခနဲပေါ်လာတာကြောင့် ရေထဲကို အပြေးတစ်ပိုင်းဆင်းသွား လိုကသည်။ သူမဒူးထိ ရေတွေထိနေဆဲ။ သူမ အကြည့်ထဲတွင် ပတ်ဝန်းကျင်ဆိုသည့်အရာကြီးက မကြည့်ဘဲ ပေါ်လာသည်။ ထို့ပြင် လူတွေပြောနေကြသည့် ဘ၀ ။ ထိုဘ၀ဆိုသည့်စကားလုံးကြောင့် သူမအကြောက်အလန့်ကင်းစွာ ရေထဲကို ခါးလည်လောက်ထိဆင်းလိုက်မိသည်။ သူမ အားမေလျော့။ ကျန်ရှိနေသောခရီးကို ဆက်လိုက်သည်။ သူမ မေးစေ့နှင့် ပင်လယ်ရေပြင်သည်ဘောင်ဘင် ခတ်လျက်ရှိသည်။ သူမ မျက်ရည်များကလည်း မြေမခဘဲ ရေထဲသို့ ကျွေကျခဲ့လေပြီ။ သူမ အတန်ကြာငြိမ်နေမိသည်။

“ကလေးရယ် မေမေတောင်းပန်ပါတယ် ”

တိတ်ဆိတ်စွာ ပြောပြီးတဲ့နောက်မှာတော့ သူမရဲ့ နောက်ဆုံးခြေလှမ်းကို စတင်လိုက်တော့သ်ည။ သူမ၏ နက်မှောင်နေသော ဆံနွယ်တို့သည် ရေပေါ်တွင် ၀ဲပျံလျက်။ ထိုထက် သူမ ဖိနပ်တစ်စုံကတော့ ကမ်းခြေတွင် မတုန်လှုပ်စွာ တည်ရှိနေတော့သည် ... ။    ။

                                                                                       ခံစားတတ်သောနှလုံးသားဖြင့် ...

                                                                                                          လွန်မင်းအံ့

                                                   ဝေဖန်အကြံပြုချက်များကိုလှိုက်လှဲစွာလက်ခံပါသည်။ 
 facebook: Lwon Min Aent
E mail: lwonminaent@gmail.com                        

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers