ဘဝဇာတ်ဆရာ အလို ကျ ဆိုတဲ့စကားကို ကြားဖူးကြပါလိမ့်မယ်။ ဘဝဆိုတာ ကံကြမ္မာလို့ ခေါ်တဲ့ ဘဝဇာတ်ဆရာ အလို ကျနေရတာပါပဲ။ ဒါကြောင့် တစ်ခါတစ်ရံမှာ ကံကောင်းလိုက် တစ်ခါတစ်ရံကံဆိုးလိုက်နဲ့ လေပြည်သွေးလိုက် မုန်တိုင်းထန်လိုက်ပါပဲ ။ တစ်ခါတစ်ရံ ကိုယ်မဖြစ်ချင်ပဲဖြစ်လာရတာတွေရှိပါတယ် ။ မဖြစ်ချင်ပဲ နဲ့ ဖြစ်လာရတဲ့ ကိစ္စတွေမှာ ကောင်းတဲ့ကိစ္စတွေရှိသလို မကောင်းတဲ့ကိစ္စတွေလည်းရှိမှာပါပဲ။ သို့သော် ကောင်းတဲ့ကိစ္စဆိုတာ မရှိသလောက်ရှားပါလိမ့်မယ်။
ကျနော်တို့ဟာ ဘဝဇာတ်ဆရာရဲ့အလိုကို မလွန်ဆန်နိုင်ပါဘူး။ ဟိုသီချင်းထဲကလိုပေါ့ ။ ဘဝဇာတ်ဆရာ အလိုကျ ဆိုပြ ငိုပြရတာ ဆိုသလိုပေါ့။ အဲလိုပါပဲ။ ကံကြမ္မာက ငိုဖို့ ဖန်တီးလာရင်လည်း ကျွန်တော်တို့က ငိုကိုငိုရတော့မှာပါ။ ပျော်ဖို့အောင်မြင်ဖို့ ဖန်တီးလာပြီဆိုရင်လည်း
ကြံဖန်ပြီးတော့ကို ပျော်ရတော့မှာပါ။ဘယ်ကနေ ဘယ်လို ပေါ်လာမှန်းမသိတဲ့ ဝမ်းသာမှု ဝမ်းနည်းမှုတွေဆိုတာ ဘဝဇာတ်ဆရာရဲ့ အလိုကျဖန်တီးမှုတွေပါပဲ။
ကျနော်တို့စာရေးဆရာတွေကလည်း အတိုင်းအတာ တစ်ခုထိ ဖန်တီးလို့ရပါတယ်။ ဆိုတော့ ကျနော်တို့ရဲ့ ဝတ္ထုတွေ ဇာတ်လမ်းတွေထဲမှာ ကျနော်တို့က ဇာတ်ဆရာပါပဲ။ ကျနော်က ငိုဆို ငိုရမယ်။ ရယ်ဆိုရယ်ရမယ်။ တစ်နည်းပြောရင်တော့ ဇာတ်ဆောင်တွေက ကျနော်တို့ရဲ့သားကောင်တွေပါပဲ။ ဇာတ်ကောင်ဆိုတာ ဖယောင်းလိုပါပဲ။ ကျနော်တို့လိုသလိုပုံသွင်းလို့ရပါတယ် ။ သို့သော် မငိုသင့်တဲ့နေရာမှာ ငိုရအောင်လုပ်မိတာတို့ သဘာဝမကျတဲ့ တစ်ဖက်သတ်ဆန်မှုတွေပြုလုပ်ရင်တော့ ကျနော်တို့ ဟာအပြစ်တင်ခံရနိုင်ပါတယ်။
ကျနော်တို့က ဇာတ်ကောင်တွေကို ဖန်တီးတာဟာ ခံစားချက်ကြောင့်ဖြစ်တယ်။ ဒါပေမယ့် လောကကြီးကတော့ ဘာကြောင့် ကံကြမ္မာတွေကို ဖန်တီးလဲဆိုတာ ကျနော်တို့မသိနိုင်ဘူး။ ကျနော်တို့ဟာ ဇာတ်ကောင်တွေကို စေလိုရာစေစားခိုင်းပြီး အဲအပေါ်မှာရရှိလာတဲ့ ခံစားချက် ပီတိကိုစားတာဖြစ်တယ်။ ဒါပေမယ့် လောကကြီးကတော့ ဘာရည်ရွယ်ချက်နဲ့ကံကြမ္မာတွေကို ဖန်တီးပါလိမ့်။ မည်သို့ပင် ဖြစ်စေကာမူ စာအုပ်ဇာတ်ဆရာ ကျနော်တို့ကလည်း ဘဝဇာတ်ဆရာ ကို ဘယ်သောအခါမှ ရင်ဆိုင်အံတုနိုင်မည် မဟုတ်ပါချေ။
ခံစားတတ်သောနှလုံးသားဖြင့်
လွန်မင်းအံ့
0 မှတ်ချက်:
Post a Comment