Technology

Home » » အလွမ်းပွင့်ဝေတက္ကသိုလ်မြေ ♥ ♥ ♥ နတ်ရဲ(ရူပဗေဒ)

အလွမ်းပွင့်ဝေတက္ကသိုလ်မြေ ♥ ♥ ♥ နတ်ရဲ(ရူပဗေဒ)

Written By Unknown on Saturday, April 19, 2014 | 9:19:00 PM


 (၁)
အတန်းချိန်နီးပြီဖြစ်သောကြောင့် မဟော် ခန့်သွက်သွက်လျှောက်လာခဲ့သည်။ ဒီနေ့အရေးကြီးသည့် ကျူတိုရီရယ် ရှိသဖြင့် မဟော် ခြေလှမ်းကိုပို၍ မြန်လိုက်မိသည်။ ထိုစဉ် ..
“ ဒုန်း ”  
          ကော်ရစ်တာထောင့်ချိုးကို အလောတကြီးကွေ့ဝင်လိုက်စဉ် တစ်စုံတစ်ယောက်နှင့် ဝင်တိုက်မိလေ သည်။ ကော်ကရစ်ကြမ်းပြင်ပေါ်တွင် စာအုပ်များကပြန့်ကျဲသွားတော့၏။ အတန်းနောက်ကျနေပြီဖြစ်သော    ကြောင့် မဟော် ဒေါသထွက်သွားမိသည်။
          ထို့ကြောင့် တိုက်မိသည့်သူကိုလှမ်းကြည့်လိုက်သောအခါ ထားဝယ်တက္ကသိုလ်၏ ကွင်းဘွဲ့ကိုလွယ်လွယ်နှင့်ဆွတ် ခူးသွားခဲ့သော မိုးကြယ်စင် ဆိုသည့်မိန်းကလေး။ သူမ၏ မျက်ဝန်းများကလည်း ဒေါသမီးများတဟုန်းဟုန်းတောက်လောင် နေသလိုပင်။
          “ ရှင် ကျွန်မရဲ့စာအုပ်တွေကိုပြန်ကောက်ပေးစမ်း ”  
          မာနရိပ်များလွှမ်းမိုးနေသည့် နူတ်ခမ်းလှလှလေးမှ အမိန့်ဆန်ဆန်ထွက်လာသောစကားလုံးများကြောင့် မဟော်  ပို၍ ဒေါသထွက်သွားမိသည်။
          “ ငါက မိန်းကလေးတွေရဲ့စကားကိုမနာခံတတ်ဘူးကွ၊ မင်းကလည်း မိန်းကလေးဆိုတော့ ဆောရီးပဲပေါ့ကွာ ”  
          ကွပ်ခနဲ ပျက်ယွင်းသွားသောသူမ မျက်နှာလေးကို မဟော် ကျေနပ်စွာကြည့်နေမိသည်။ သူမ က နာမည်ကျော်ကြား သော ကွင်း ဆိုပေမဲ့ မဟော် ကလည်း မိန်းကလေးတိုင်းရဲ့ပါးစပ်ဖျားမှာရေပန်းစားနေသည့် ကင်း တစ်ယောက်ပင်ဖြစ်သည်။ သူမ ကမာနခဲလေးဖြစ်သလို မဟော် ကလည်း မာနမင်းသားဖြစ်ခဲ့ခြင်းက ပြဿနာကိုပို၍ကြီးထွားစေခဲ့လေသည်။
          “ ဒီမှာ.. ရှင် လူလိုနားမလည်ဘူးထင်တယ်၊ ရှင်ဝင်တိုက်လို့ ကျွန်မ စာအုပ်တွေကျသွားတာ ရှင်ပြန်ကောက်ပေး ”  
          “ ဘာကွ မင်းပဲ ငါ့ကိုဝင်တိုက်တာလေ၊ မင်းမေ့သွားပြီထင်တယ် ”  
          “ ရှင်ဦးနှောက်မကောင်းဘူးလား၊ ရှင်အရင်ဝင်တိုက်တာပဲ ၊ ရှင် ပြန်ကောက်ပေး ”  
          “ ဒီမှာ .. မင်း ဇာတ်လမ်းထွင်နေတာလား ၊ ငါ ကမင်းလို မိန်းကလေးမျိုးကို စိတ်မဝင်စားတတ်ဘူးဆိုတာမင်းသိဖို့ ကောင်းတယ်ကွ ”  
          “ ဘာ .. ရှင် .. ရှင် ”  
          မဟော် ပြောလိုက်သောစကားကထိရောက်လှ၏။ ဆတ်ဆတ်ခါအောင်နာကျင်သွားသော သူမကို ကျေနပ်စွာကြည့် နေမိသည်။
          ထိုစဉ် သူမက မပြောမဆိုနှင့် အနားသို့ဝင်လာကာ မဟော့် ပါးကိုလှမ်းရိုက်လိုက်၏။ မဟော် ကလည်းမြန်သည်။  လျှပ်တပြက်ဝင်လာသော သူမ လက်ကိုကြမ်းတမ်းစွာ ဖမ်းကိုင်လိုက်လေသည်။
          “ ရှင် ကျွန်မ လက်ကိုလွှတ်လိုက်စမ်း ”  
         
“ မင်းကငါ့ကိုရိုက်မလို့ပေါ့ ဟုတ်လား ၊ ဒီမှာ မင်းမြဲမြဲမှတ်ထားစမ်း ၊ ဘယ်လောက်လှပြီး မာနကြီးတဲ့ မိန်းကလေးဖြစ် ပါစေ ငါစားနေတဲ့ ပီကေတစ်လုံးမျှတတ်ဖိုးမထားတတ်ဘူးဆိုတာ မင်းနားလည်ခဲ့မယ်ဆိုရင် အခုမင်းကျူးလွန်ခဲ့တဲ့ အပြစ်ကို ခွင့်လွှတ်လိုက်တယ်လို့သဘောထားလိုက် ”  
          ဒေါသကြောင့်ဖြစ်တည်လာသော စကားလုံးများကိုပြောခဲ့ပြီး မဟော် ထွက်လာခဲ့သည်။ မိုးကြယ်စင် ဆိုသည့် သူမ၏ အကြောင်းကို မဟော် ကြားသိခဲ့ရဖူးသည်။ ယောက်ျားတိုင်းကို အထင်းမကြီးတတ်သည့် မာနမင်းသမီးလေးတဲ့။
          ထို့ကြောင့် လှပသည့် မိန်းမတိုင်းကို အထင်မကြီးတတ်သော သူတစ်ယောက်ရှိကြောင်း သူမ ကိုသိစေချင်ခဲ့သည်။  အခုတော့ သူမ သိသွားလိမ့်မည်ထင်ပါသည်။ သိသွားပါစေဟုလည်း မဟော် ဆုတောင်းလိုက်မိသည်။
(၂)
          ကြယ်စင် ကျောင်းပျက်ခဲ့သည်မှာ တစ်ပါတ်ရှိခဲ့ပြီဖြစ်သည်။ သူငယ်ချင်းများအား နေမကောင်း၍ ကျောင်းမတက် တာဟု အကြောင်းပြခဲ့သည်။ သို့သော် ကြယ်စင် တကယ်တမ်းခံစားနေရသည်က အမုန်းများနှင့်အုံဖွဲ့နေသော အသည်းမှ ဒဏ်ရာဖြစ်သည်။
          ကြယ်စင် သည် ယောက်ျားလေးတိုင်း၏ ဂရုစိုက်အလေးထားမှုကိုခံခဲ့ရသူဖြစ်သည်။ ကြယ်စင့် ထံသို့နည်းမျိုးစုံဖြင့် ချဉ်းကပ်လာသော ယောက်ျားများအား ဥပက္ခာပြုကာ မာနကြီးသူအဖြစ်ကျေနပ်စွာခံယူခဲ့သည်။
          သို့သော် အနှစ်နှစ်အလလ ရှင်သန်ဝင့်ကြွားလာခဲ့သော ကြယ်စင်၏ မာနများသည် ယောက်ျားတစ်ယောက်၏  ပြင်းထန်သောစကားလုံးများအောက်တွင် ကြေမွခဲ့ရသည်။ စဉ်းစားမိတိုင်း ဒေါသထွက်၍မဆုံးပေ။
          ထို့ကြောင့် ကျောင်းပျက်ခဲ့သည့်တစ်ပါတ်အတွင်း ကြယ်စင် အလွန်မုန်းတီးသော ယောက်ျားတစ်ယောက်အကြောင်း ကို လျို့ဝှက်စွာစုံစမ်းခဲ့သည်။ မိန်းကလေးများနှင့် ပတ်သက်၍ မာနကြီးလှသော မဟော် ဆိုသည့် ယောက်ျား၏ အားနည်း ချက်ကိုရှာဖွေစုံစမ်းရခြင်းက အလွန်ခက်ခဲလှ၏။
          သို့သော် သူငယ်ချင်းတစ်ယောက်၏ အကူအညီဖြင့် သူ့ရဲ့အားနည်းချက်ကို စုံစမ်းသိရှိခဲ့ရသည်။ သူ့ရဲ့အားနည်း ချက်က ကြွက်ကို အလွန်ကြောက်ရွံ့ခြင်းပင်ဖြစ်၏။ ကြွက်ကိုမြင်လျှင် ဣနြေ္ဒမဆည်နိုင်အောင်ပင် အထိတ်တလန့်အော်ဟစ် တတ်ကြောင်းသိခဲ့ရသည်။
          သူ့ရဲ့အားနည်းချက်ကိုသိရှိခဲ့ရသောကြောင့် ကြယ်စင် အလွန်ဝမ်းသာမိသည်။ ကြယ်စင်၏ မာနကိုစော်ကားခဲ့သော သူ့ထံမှ တစ်စုံတစ်ခုကိုပြန်ရခဲ့မည်ဆိုလျှင် ကြယ်စင် ကျေနပ်ပါသည်။
          ထို့ကြောင့် ကျောင်းသို့ရောက်လာသောအခါ ကြယ်စင့်ထံတွင် ကြွက်အစစ်နှင့်ခွဲမရအောင်တူသော ကြွက်ရုပ်လေး တစ်ခုပါလာလေသည်။ ကြွက်ကိုမြင်လျှင် ထိတ်လန့်သွားမည့် သူ့ရဲ့ပုံစံကို အလွန်မြင်ချင်နေမိသည်။
          များများမရှာလိုက်ရချေ။ ကဲန်တင်းထဲတွင် သူငယ်ချင်းများနှင့် ဝိုင်းဖွဲ့စားသောက်နေသော သူ့ကိုတွေ့လိုက်ရသည်။ သူက ကျောပေးထားသဖြင့် ကြယ်စင်တို့သူငယ်ချင်းတစ်စုဝင်လာသည်ကိုမြင်ဟန်မတူချေ။
          ကြယ်စင်တို့သူငယ်ချင်းတစ်စု သူ့ကျောဘက်မှလျှောက်လာခဲ့ပြီး ခပ်ဟဟဖြစ်နေသော သူ့လွယ်အိတ်ထဲသို့ ကြွက် ရုပ်ကို ညင်သာစွာထည့်လိုက်လေသည်။ စကားကောင်းနေကြသော သူတို့ကတော့ ကြယ်စင်တို့လုပ်ရပ်ကို မမြင်ကြပေ။
          ကြယ်စင်တို့လည်း ကျေနပ်မှုအပြည့်ဖြင့် ခပ်လှမ်းလှမ်းရှိစားပွဲတွင် ဝင်ထိုင်လိုက်သည်။ ပြီးနောက် ကြယ်စင် မုန်းတီး သောလူတစ်ယောက်၏ကျရှုံးမှုကို စောင့်ကြည့်နေမိလေသည်။
          “ မဟော် ဒီနေ့ မင်းရှင်းရမယ့်အလှည့်နော် ”  
          “ ငါက ပိုက်ဆံမရှင်းပဲ ဘယ်တုန်းကထွက်သွားဖူးလို့လဲကွ ”  
          ပြောပြာဆိုဆိုနှင့် မဟော် ကလွယ်အိတ်ထဲသို့ လက်ထိုးသွင်းလိုက်၏။ ပိုက်ဆံအိတ်ကိုစမ်းနေစဉ် ပျော့စိစိအရာလေး တစ်ခုကိုစမ်းမိသဖြင့် ယူထုတ်လိုက်မိသည်။ ထိုစဉ် လက်ထဲတွင်ပါလာသည့် ကြွက်တစ်ကောင်ကို တွေ့လိုက်ရသောအခါ  အထိတ်တလန့်အော်ဟစ်လိုက်မိလေသည်။
          “ အား .. ကြွက် .. ကြွက် ”  
          အလန့်တကြားထွက်ပေါ်လာသောအသံကြောင့် ကဲန်တင်းထဲရှိလူများ၏ မျက်လုံးအစုံက မဟော့် ထံသို့ကျရောက် လာလေ၏။ ပြီးနောက် မဟော် ၏အလန့်တကြားဖြစ်သွားပုံက လူတွေအတွက်ရယ်စရာတစ်ခုဖြစ်သွားတော့သည်။ ကဲန်တင်း ထဲတွင် လူစည်ကားနေချိန်မို့ မဟော် အလွန်ရှက်ရွံ့သွားမိသည်။
          “ ဟား .. ဟား .. ကောင်းလိုက်တဲ့သတ္တိ ”  
          “ ဟိ .. ယောက်ျားလေးဖြစ်ပြီး ကြွက်ကိုမြင်တာနဲ့ လန့်အော်ရတယ်လို့ ”  
           အသံကြားရာသို့လှမ်းကြည့်လိုက်စဉ် မဟော့် အဖြစ်ကိုကျေနပ်စွာကြည့်နေသည့် မိုးကြယ်စင် ကိုတွေ့လိုက်ရသည်။ သူမက အလွန်အခံရခက်စေသော သရော်သည့်အပြုံးတို့ကို မဟော့် ထံပို့လွှတ်လျှက်ရှိ၏။
          မဟော် သဘောပေါက်လိုက်မိသည်။ မဟော့် ကိုအရှက်ကွဲအောင်လုပ်သူမှာ သူမမှလွဲ၍ မည်သူမှမဖြစ်နိုင်။ သူမကို နာကြည်းစွာတစ်ချက်ကြည့်လိုက်ပြီး မဟော် ပြေးထွက်လာမိတော့၏။
(၃)
          မဟော် အားအရှက်ရအောင်ပြုလုပ်ခဲ့သော မိုးကြယ်စင် ဆိုသည့် သူမကို သတ်ပစ်ချင်လောက်အောင်မုန်းတီးနေမိ သည်။ နာမည်တစ်ခုကိုစွဲမြဲစွာမှတ်မထားခဲ့သော မဟော်သည် မိုးကြယ်စင် ဆိုသည့်နာမည်ကိုတော့ နာကြည်းစွာမှတ်ထား ခဲ့သည်။
         
သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိကြောင်း သူမ မသိဘူးထင်သည်။ မဟော် စုံစမ်းရသလောက် သူမ က မြွေ ကိုသေမလောက်ကြောက်ရွံ့သည်တဲ့။ အလှည့်ကျတော့မနွဲ့စတမ်းပေါ့ ။ အရှက်ကွဲလျှင် ဘယ်လိုခံစားရသလဲဆိုတာ သူမ သိအောင်ပြရပေမည်။
          မဟော် ကျောင်းသို့ရောက်လာသောအခါ မြွေအစစ်နှင့်ခွဲမရအောင်တူသော ရော်ဘာမြွေရုပ်တစ်ခုပါလာလေသည်။ သူမအားလိုက်ရှာသောအခါ ကဲန်တင်းထဲတွင် သူငယ်ချင်းများနှင့် စားသောက်နေသည့် သူမကိုတွေ့လိုက်ရ၏။
          စားပွဲထိုးကောင်လေးအား ပိုက်ဆံပေး၍ သူမခြေရင်းတွင် မြွေရုပ်ထားပေးရန်စည်းရုံးလိုက်သည်။ ထို့နောက် သူမတို့ စားပွဲကို ရှင်းလင်းပြတ်သားစွာမြင်နိုင်မည့် နေရာတစ်ခုမှ မဟော် ကြည့်နေလိုက်၏။
          သူငယ်ချင်းများနှင့် ဝိုင်းဖွဲ့စားသောက်နေသည့် ကြယ်စင် သည် ခြေအောက်တွင် မာကျောသောအရာတစ်ခုကိုနင်းမိ လိုက်သလိုခံစားရ၏။ ထို့ကြောင့် အောက်ကိုငုံ့ကြည့်လိုက်စဉ် လိပ်ပြာလွင့်မတတ်ထိတ်လန့်သွားမိတော့သည်။
          “ အမယ်လေး ”  
          ဟု တစ်ခွန်းသာ အလန့်တကြားအော်နိုင်၏။ ကြောက်ရွံ့ထိတ်လန့်မှုနှင့်အတူ အမှောင်ထုက ကြယ်စင် အား လွှမ်းခြုံ ဝါးမြိုသွားသလိုခံစားလိုက်ရပြီး ပျော့ခွေကျသွားလေသည်။
          ကဲန်တင်းထဲရှိလူများက သတိမေ့သွားသော သူမအား ပွေ့ချီသယ်ဆောင်သွားကြလေသည်။ အလွန်ရှင်းလင်း ပြတ်သားလှသော ထိုမြင်ကွင်းက မဟော် အားကျေနပ်နှစ်သိမ့်မှုကိုမပေးစွမ်းနိုင်ပေ။
တကယ်ဆို မဟော် ဤမျှအထိဖြစ်လိမ့်မည်ဟု မရည်ရွယ်မိခဲ့ပါ။ ထိတ်လန့်စွာ သတိလစ်မေ့မျောသွားသော သူမ  ကိုမြင်သောအခါ မဟော် စိတ်မကောင်းဖြစ်သွားမိသည်။
          သူမ အား သနားစိတ်တို့နှင့်အတူ မဟော့် နှလုံးသားက နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရသည်။ မာနဖြင့်တုန့်ပြန်လိုက် သောဖြစ်ရပ်တစ်ခု၏နောက်ကွယ်တွင် ချစ်ခြင်းကအစားထိုးဝင်ရောက်လာလိမ့်မည်ဟု မဟော်တစ်ခါမှမတွေးမိခဲ့ပါ။
          သို့သော် အမှန်တကယ်ပင် သူမကို မဟော် ချစ်မိသွားခဲ့လေသည်။ တစ်ခါမှ မရရှိခဲ့ဖူးသော နောင်တတို့က သူမနှင့် ပတ်သက်မှရရှိခဲ့ခြင်းက မဟော့် ဘဝတွင် ပထမဆုံးဖြစ်ခဲ့လေသည်။
(၄)
          မဟော် ကျောင်းသို့ရောက်လာသည်နှင့် ပထမဆုံးလိုက်ရှာမိသည်က မိုးကြယ်စင် ဆိုသည့် သူမကိုဖြစ်၏။ မဟော်၏ အမှားအတွက် သူမအားတောင်းပန်ရပေမည်။ သူမ ကခွင့်မလွှတ်ဘဲ အမုန်းကြီးခဲ့လျှင်လည်း ထိုအမုန်းများကို မဟော် မြတ် မြတ်နိုးနိုးခံယူသွားပါမည်။
          သို့သော် အခုချိန်အထိ သူမ၏ အရိပ်ယောင်ကိုပင် မမြင်ရသေး။ မဟော် အရဲစွန့်ကာ သူမ၏ အတန်းရှေ့အထိသွား ကြည့်မိ၏။ သို့သော် သူမအားမတွေ့ရ။ ထို့ကြောင့် အတန်းထဲရှိ သူမ သူငယ်ချင်းတစ်ယောက်အား သူမအကြောင်းမေးကြည့် မိလေသည်။
          “ ဟို .. ဒီနေ့ မိုးကြယ်စင် ကျောင်းမလာဘူးလား ”  
          “ ဟုတ်တယ် .. ဒီနေ့မှမဟုတ်ပါဘူး သူနေ့တိုင်းကျောင်းလာနိုင်တော့မှာမဟုတ်ဘူး ”  
          “ ဘာ .. ဘာဖြစ်လို့လဲ ”  
          “ ဘာဖြစ်လို့လဲဆိုတော့ သူ သေဆုံးသွားလို့ပဲ ”  
          “ ဗျာ ”  
          “ မွေးရာပါ နှလုံးရောဂါရှိတဲ့ သူက ကျောင်းသားတစ်ယောက်စလိုက်တဲ့ မြွေရုပ်ကိုမြင်ပြီး သတိမေ့သွားတယ်လေ ၊  အရမ်းထိတ်လန့်သွားလို့ထင်တယ် နှလုံးကအခြေအနေလုံးဝမကောင်းတော့ဘူး ၊ ဒီမနက်ပဲ သူ့ကို သူ့ဒယ်ဒီရှိတဲ့ အမေရိကား ကို ဆေးကုဖို့ခေါ်သွားခဲ့တယ် ၊ ဒါပေမဲ့ ဟိုရောက်ရောက်ချင်းပဲ ဆုံးသွားတယ်လေ ”  
          စကားလုံးများက မဟော့် နားထဲသို့ ဝင်တစ်ချက် မဝင်တစ်ချက်ပင်။ နောင်တမျက်ရည်ပူများက မျက်ဝန်းမှ အရှိန် ပြင်းစွာစီးကျလာ၏။
          ထိုအချိန်တွင် မိုးက အငြိုးကြီးစွာဖြင့် သည်းထန်စွာရွာသွန်းလာတော့သည်။
အသက်မဲ့သူတစ်ယောက်ပမာ မိုးရေထဲတွင် ကြေကွဲစွာ ပြေးလျှောက်လာခဲ့၏။ မျက်ရည်များစွာက မိုးရေနှင့် ပေါင်းစပ်သွားလေသည်။ မိုးရေထဲတွင် အရူးတစ်ယောက်ပမာ အော်ဟစ်လိုက်မိလေသည်။
          “ ခွင့်မလွှတ်ပါနဲ့ မိုးရယ် ၊ ကိုယ့်ကြောင့် မသေသင့်ဘဲသေသွားခဲ့ရတဲ့ မိုးအတွက် ကိုယ်ဘယ်လိုဖြေသိမ့်ရမလဲကွာ၊  ကိုယ် မင်းကို သိပ်ချစ်တယ် မိုးရယ် ၊ ကိုယ် မိုးဆီအရောက်လာခဲ့မယ်နော် .. မိုး ရေ ..    
          မိုးရေထဲတွင် မဟော် ကြေကွဲစွာအော်ဟစ်နေမိသည်။ ထိုအချိန်တွင် မိုးရေများအကြား အဝေးမှလာနေသော အရိပ် တစ်ခုကို မဟော် တွေ့လိုက်ရသည်။ ထိုအရိပ်က တဖြည်းဖြည်းနှင့် နီးကပ်လာလေသည်။
          “ မိုး .. မိုး ကိုယ့်ဆီကိုလာနေတာလား ၊ ကိုယ်လာခေါ်မယ်နော် .. မိုးရေ.. ကိုယ်လာပြီ … ”  
          “ ဒုန်း ”  
          “ မိုး .. အား ..    
          အရှိန်ဖြင့်မောင်းဝင်လာသော ကားတစ်စီးနှင့် တိုက်မိကာ မဟော် အဝေးသို့လွင့်သွားလေသည်။ မဟော့် မျက်လုံးထဲ တွင်ကား မိုး ၏ပုံရိပ်များကိုသာ မြင်ယောင်နေသည်။
ထို့နောက် မဟော်၏ အမြင်အာရုံများဝေဝါးလာကာ တဖြည်းဖြည်းနှင့် ငြိမ်သက်သွားလေသည်။ မိုးရေများက  ညှာတာမှုကင်းမဲ့စွာဖြင့် မဟော့် ကိုယ်ပေါ်သို့ အရှိန်ပြင်းစွာရွာသွန်းနေလေတော့၏။
(၅)
          မိုးစက်မှုန်လေးများက တဖွဲဖွဲကြွေဆင်းလာနေ၏။ 
အဖြူရောင်သစ္စာပန်းစည်းလေးက အသစ်စက်စက်အုပ်ဂူလေးပေါ်သို့ ညင်သာစွာနေရာယူလာလေသည်။ အဖြူ ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်က အုတ်ဂူလေးအရှေ့တွင်ရပ်နေလေသည်။
          သူမ၏ မျက်ဝန်းအစုံက အသက်ကင်းမဲ့နေသလို ရီဝေနေလေသည်။ ထို့နောက် သူမသည် အုတ်ဂူလေးကိုမှီကာ ထိုင်ချလိုက်ပြီး ပါးစပ်မှတတွတ်တွတ်ပြောဆိုနေလေတော့၏။
“ နင့် ကို ငါ ဝန်ခံစရာလေးတွေရှိလို့လာခဲ့တာပါ မဟော် ရယ်၊ တကယ်တော့ ငါ့မှာဘာရောဂါမှမရှိပါဘူးဟာ ၊ နင့်ကို အနိုင်လိုချင်လို့သာ ငါ သေဆုံးခဲ့သလို ညာခဲ့တာပါ၊ နင်က အနိုင်လိုချင်တဲ့ငါ့ကို ဒီလိုပုံစံနဲ့အရူံးပေးလိုက်ရသလားဟာ ၊ နှစ် ယောက်သားမာနတွေထားခဲ့ကြပေမဲ့ အချစ်ကအနီးဆုံးမှာရှိနေခဲ့တယ်ဆိုတာ ငါတို့မသိခဲ့ကြဘူးနော် ၊ မာနရဲ့နောက်ဆက်တွဲ ရလာဒ်က နာကျင်ကြေကွဲမှုတွေပဲဆိုတာ နောင်တတွေ တပွေ့တပိုက်နဲ့ ငါနားလည်ခဲ့ရပြီ မဟော်ရယ် ၊ နင် မရှိတော့တဲ့ တက္ကသိုလ်မြေက ငါ့အတွက် ကြေကွဲစရာအလွမ်းတွေဝေဝေဆာဆာပွင့်ဖူးနေခဲ့ပြီ မဟော် ရယ်၊ ငါ နောက်ဆုံးစကားလေး တစ်ခွန်းပြောခဲ့ချင်တယ်ဟာ ၊ နင် မကြားချင်ဘူးဆိုရင်တောင်မှာ ငါ့ကိုပြောခွင့်ပေးပါနော် ၊ ငါ .. ငါလေ.. နင့်.. နင့်ကို အရမ်း ချစ်ခဲ့ပါတယ် မဟော်ရယ် ”
          မျက်ရည်စက်တို့က တဖြုတ်ဖြုတ် ကြွေဆင်းကြလေသည်။ ပြီးနောက် အဖြူရောင်အရိပ်လေးတစ်ခုက တရွေ့ရွေ့ နှင့် ကျောခိုင်းထွက်ခွာသွားတော့သည်။
          အသစ်စက်စက်အုတ်ဂူလေးတစ်လုံးသာ မိုးစက်မှုန်များအကြား အထီးကျန်စွာတည်ရှိနေခဲ့လေတော့သည်။
 
တိုက်ရိုက်ဖတ်ရှုလိုပါက www.nutye1991.blogspot.com တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers